img_8496ကျောင်းတိုက်ဟူ၍ မဖြစ်မီ မဆွကပင် တောရဓမ္မာရုံလေး တလုံးရှိနှင့်ပြီးသား ဖြစ်သည်။ ဓမ္မာရုံလေးကိုတော့ဖြင့် ဘုံအလှူအဖြစ်ဖြင့်သာ မှတ်ရသည်။ အလှူရှင် ဟူ၍ တိတိပပ ရှိမနေ။ ကျောင်းထိုင်ပုဂ္ဂိုလ်နဲ့တကွ ထားမည်ဟု ဆုံးဖြတ်ခဲ့စဉ်က အကာအရံပင် မရှိသေး။ လျှပ်စစ်မီးကတော့ဖြင့် ရောက်နေပြီ ဖြစ်သည်။ ရေလည်းရောက်နိုင်သည်။ လွယ်ကူပါသည်ဟု ဆိုပါသဖြင့် စူဠာမုနိဆရာတော်၊ ပအိုဝ်းပိဋကတ်ဘာသာပြန်ဆရာတော်၊ နောင်တောင်းဆရာတော်တို့နှင့်အတူ လာရောက်ကြည့်ရှုပြီးနောက် အမှတ် (၅) ပင်းပက် သံမဏိစက်ရုံမှ ဦးအောင်ဆွေဦးတို့အား ကျောင်းကို နံရံလေးကာကာ အခန်းလေး ဖွဲ့စေခဲ့သည်။ အခန်းဖွဲ့
နံရံကာ အိမ်သာကို အမြန်ပြုလုပ်နေစဉ် ဒေသခံများက မည်သူမှန်းမသိ ငါတို့ဓမ္မာရုံဆီ တခုခု လာလုပ်နေကြသည်ဟု ဖြစ်လာသဖြင့် ရှေ့ပြေးအဖြစ် ဦးပဇင်း တပါးကို လာရောက်နေထိုင်စေခဲ့သည်။ ဦးနန္ဒဝံသဆိုသည့် ဦးဇင်းဖြစ်သည်။ သူရောက်စတွင် ရေခွက်တခွက် ပန်းကန်တလုံးမှ ယူမလာသဖြင့် ညအိပ်ပြီး ေနာက်တနေ့မနက် သူရင်းနှီးသည့် တကာဦးအွန်အား အပူကပ်ခဲ့ရသည်။ သူရောက်ပြီးနောက် ကမ္ဘောဇဘိလပ်မြေ စက်ရုံမှလည်း အလှည့်ကျ ဆွမ်းအဖွဲ့ဖွဲ့ခဲ့ လေသည်။ ဆွမ်းအလှည့်ကို ကြယ်စင်စတိုင်းမှ ဦးတင့်ဆွေဆိုသည့် ပုဂ္ဂိုလ်က စီစဉ်ခဲ့သည်။

အရင်ရောက်နှင့်သော ဦးနန္ဒဝံသမှ ကျေးရွာအတွင်း ငွေစုအချေးအဖွဲ့၊ ဓမ္မစင်္ကြာအဖွဲ့များဖွဲ့ဖြစ်ခဲ့သည်။ နောက်ပိုင်း သူမရှိတော့သည့်နောက် ထိုအဖွဲ့ကို နှိုးဆော်ပေးမည့်သူ မရှိတော့သည့်နောက် ယခုအခါတွင်မတော့ ပျက်လုနီးနီး ရှိနေပြီ ဖြစ်သည်။ ဓမ္မစင်္ကြာအဖွဲ့တော့ဖြင့် ပျက်သွားလေပြီ။ ထို့နောက် တန်ခူး ဆန်းတရက်မရောက်မီ တပေါင်းလကွယ်နေ့၌ ကျောင်းထိုင်ဆရာတော်နှင့်အတူ ဦးရာဇိန္ဒ (လင်းလက်ဟန်) ဦးကဝိသေဋ္ဌ (ရာဇာ)တို့ ရောက်လာကြသည်။ ဦးရာဇိန္ဒမှ ကျောင်းထိုင်ဖူးသည့် အတွေ့အကြုံ ရှိသည့်အလျောက် ပြင်ဆင်ရမည့် အနေအထားများအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်သည်။ နောင်တောင်းမှလည်း ပန်းကန်များနှင့်အတူ အခြားအသုံးအဆောင်များစွာကို ယူလာခဲ့သည်။ ကျောင်းထိုင်မည့် ဦးဇင်းက ဘာမှ မယ်မယ်ရရ မလုပ်တတ်သဖြင့် ဟိတ်ဟန်ထုတ်ကာ နေနေခဲ့သည့် ကာလဖြစ်သည်။ ခက်သည်က ကျောင်းထိုင်ဦးဇင်းက ဒေသိယစကားကို မတတ်ခြင်းဖြစ်သည်။ သူ၏ ဖခင်မှာ ဓနုဖြစ်သည်။ သို့သော် ပအိုဝ်းစကားကို ကျွမ်းကျင်စွာ တတ်သည်။ မိခင်မှာ ပအိုဝ်းဖြစ်သည်။ သို့သော် ဓနုစကားကို ကျွမ်းကျင်စွာ တတ်သည်။ မိခင်ဘာသာစကားကို ပြန်မတတ်ကြ သဖြင့် သူတို့သားဦးပဇင်းမှာ ဇာတိရွာ ဒေသိယစကားကို တတ်မြောက်လေရာ စကားအသွားအလာ ခက်ခဲ့လျက်ရှိသဖြင့် ယခုထက်တိုင် ရှေးဦးစွာ ရောက်နှင့်
သော ဦးပဇင်းဖွဲ့ခဲ့သည့်အဖွဲ့ကို တက်ကြွလာအောင် နှိုးဆော်နိုင်စွမ်း မရှိသေးချေ။
11325001_101263686882616_1664166797_n
ယခင်က ကျောင်းထိုင်အသစ် ရွာသုံးနှစ်ဆိုလား ဆိုရိုးတခုရှိသည်။ ကျောင်းထိုင်အသစ်ကို ရွာသား စိတ်ဝင်စားသည့်ကာလက သုံးနှစ်တဲ့။ ခု နှစ်နှစ် ကောင်းကောင်းမပြည့်မီပင် စိတ်ဝင်စားမှုတော့ ကုန်သွားလေပြီ။ ထိုစဉ်ကတော့ တော်တော်စိတ်ဝင်စားခဲ့ကြသည်။ သို့သော်လည်း ကျောင်းထိုင်က နောင်တောင်းကို ခဏခဏ ပြန်ကာ သင်တန်းကိစ္စ ထိုစဉ်က နောင်တောင်းတွင် ညီလာခံနှစ်ခု ရှိသဖြင့် ညီလာခံကိစ္စတွေ လိုက်လုပ်နေခဲ့သည်။ သို့သော်လည်း ကျောင်းထိုင်၏
ဇာတိရွာဖြစ်သည့် ပန့်ပုန်းရွာကို ဆရာတော်ဦးဉာဏိက ပြောင်းလာစဉ်က ကျောင်းထိုင်ဖခမည်းတော်က ကျောင်းထိုင် ပြောင်းလာသည့်ရက်သည် နာမကျန်း ြဖစ်သည့်ရက်ဖြစ်နေသည်ဟု ဗေဒင်ဟောခဲ့ဖူးရာ ခုထိ ပန့်ပုန်းကျောင်းထိုင်မှာ ကောင်းကောင်း နေကောင်းသည်ဟူ၍ သိပ်မရှိချေ။ ထိုကဲ့သို့များ ဖြစ်ချေရော့သလား ထင်ရသည်။ ကျောင်းထိုင်လည်း ရောက်ပြီး သိပ်မကြာခင် နှလုံး၏ မူလ အနာတွင် ပိုးဝင်ကာ ဖျားလိုက် ပျောက်လိုက် ဖြစ်နေခဲ့သည်။ ကြာတော့ တော်တော်လေးကို ပိန်ချံုးကာ ဆေးရုံ တက်ခဲ့ရသည်။ ရန်ကုန်က ဓမ္မစကူးလ်ဆရာမှ ဒေါ်ရင်ရင်မော်က ကူညီပေးခဲ့သည်။ ဆေးရုံကိုတော့ နောင်တောင်းကျောင်းက
ဦးကုသလနဲ့အတူ ဦးကောဝိဒက ကူညီပြီး ကျော်မင်းဦးက တောက်လျောက် စောင့်ပေးခဲ့သည်။ ရန်ကုန်တွင်နေ၍ စောင့်ပေးခဲ့သူက နန့်စန္ဒာထွန်း ဖြစ်သည်။ ဆရာကောင်း၊ အွယ်ပီးတို့လည်း အလယ်လာကြသည်။ ချိုသဲဟုခေါ်သည့် ကောင်မလေးနဲ့အတူ အခြားအွန်လိုင်းပေါ် ခင်သည့် နှင်းနုလွင် စသည့် သူများ အလယ်လာကြသည်။ ထိုစဉ် ကျောင်းကိုတော့ ဦးရာဇိန္ဒနှင့် ဦးကဝိသေဋ္ဌထံတွင်သာ ထားခဲ့သည်။
img_8637
တစ်လကျော်တော့ ဆေးရုံက ပြန်ဆင်းလာသည်။ ဆေးရုံတက်စဉ်ကပင် သူငယ်ချင်းဖြစ်သူ ဦးဉာဏဝရကို ကျောင်းကို လာနေပေးဖို့ ခေါ်သည်။ ဝါဆိုလျင် ဦးရာဇိန္ဒနှင့် ဦးကဝိသေဋ္ဌတို့က မနေတော့ဟု ဆိုသည်။ မရှေးမနှောင်းပင် အင်းတော်မှ သူငယ်ချင်း ဦးကုမာရကလည်း ရောက်လာခဲ့သည်။ အိပ်ဖို့နေရာက မရှိသဖြင့် ဘုရားရှေ့တွင် စုပုံ၍ အိပ်ကြသည်။ ထိုအတောအတွင်း ကျောင်းအောက်ထပ်ကို အုတ်စီသည်။ အုတ်ဝယ် အလုပ်သမားခ စသဖြင့် သုံးသိန်းနီးပါး ကုန်သွားသည်။ ထိုငွေကို နောင်တောင်းဆရာတော်ထံတွင် အလှူခံခဲ့သည်။ နောက် တောင်ဘက် လှေကားအဆင်း ဆင်ဝင်လေး လုပ်ဖြစ်သည်။ ဝါဆိုခါနီး
တော့ နောင်တောင်းမှ တီးခွန်နှင့် မောင်ဦးဆိုသည့် ကိုရင်နှစ်ပါးကို လာပို့သည်။ သူတို့က နာမွန်းရွာ ဇာတိဖြစ်သည်။ ကွန်ပျူတာသင်ဖို့ဟူ၍ ဖြစ်သည်။ ထို့ေနာက် နန်းပန်းမှ သိန်းသန်းနှင့် မောင်ဖြူဆိုသည့် ကလေးနှစ်ယောက် ထပ်ရောက်လာသည်။ ဖောင်တော်ဆိုက်ရွာမှ ကိုရင်တပါးလည်း လာရောက်နေထိုင်သည်။ နောင်ချိုရွာမှ ဂျော်ကာဆိုသည့် ကောင်လေးနှင့် ဦးပဇင်းသုံးပါး၊ ကိုရင်သုံးပါး၊ ကျောင်းသား သုံးယောက်ဖြင့် ပထမဝါဆိုခဲ့သည်။ နောင်တောင်းက လာစဉ်က ကွန်ပျူတာ ခြောက်လုံးပါလာသဖြင့် ကွန်ပျူတာ လေးလုံးကို သင်တန်းသုံးအဖြစ် ထားကာ သင်တန်းများလည်း ပေးဖြစ်ခဲ့သည်။ ဤကား ပုံပြင်၏ အစတကာ့ အစပင်တည်း။

print

Facebook Comments