လူမှုယှက်နွယ် ဗုဒ္ဓဘာသာဟု ပြောလိုက်လျင် ဗုဒ္ဓဘာသာဝင်များကို စတင်ဦးမြင်ကြပေလိမ့်မည်။ ဗုဒ္ဓဘာသာဝင်ဟု ပြောလိုက်လျင် သူတော်စင် ဆိုသည့် စကားလုံးနှင့်လည်း ပြေးယှက်လိုက်မိသည်။ ဤတွင် သူတော်စင်ဆိုသည်ကို အကျယ် အကျယ် မပြောခင် ဗုဒ္ဓဘသာဝင်ဆိုသည်လေးကိုပဲ ပြောချင်သည်။ ဗုဒ္ဓဘာသာဝင် ဆိုသူမှာ လက်ရှိ ဗုဒ္ဓကို ကိုးကွယ်သူကို ဆိုလိုသည်။ ဗုဒ္ဓ၏ အန္တိမပန်းတိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိရေးဖြစ်သည်။ နိဗ္ဗာန်ရရေး ရောက်ရှိရေးသည် ပါရမီ မရင့်သန်သော လူတိုင်းအတွက် သို့တည်းမဟုတ် ငယ်ရွယ်နေသေးသည့် ဗုဒ္ဓဘာသာဝင်အတွက် အလှမ်းဝေးသည်။ တကယ်လည်း ဝေးကွာလှပါသည်။ ထို့ကြောင့် ဗုဒ္ဓသည် နိဗ္ဗာန်ရောက်ရှိရေး နိဗ္ဗာန်ရရေးကိုသာ ဦးတည်ဟောပြောခဲ့လေသလားဟု မေးဖွယ်ရှိသည်။ ဗုဒ္ဓမည်ကဲ့သို့ နေထိုင်ခဲ့သနည်း မည်ကဲ့သို့ ဟောကြားခဲ့သနည်းကို တွေးခေါ်နည်းပေါင်းစုံဖြင့် တွေးကြည့်စေချင်သည်။ ဗုဒ္ဓဘာသာဝင်များ မည်ကဲ့သို့ နေထိုင်သင့်သနည်း။ ထို့အတူ မည်ကဲ့သို့သော အလုပ်ကို လုပ်သင့်သနည်း။ မည်ကဲ့သို့ လုပ်ရမည်နည်း စသည်ကို ရေးသားထားသည့် ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ဆရာဘိုဘို၏ လက်ရှိ လူမှုရေးလုပ်နေသော သူ့အဖွဲ့ဝင်များအတွက် ရေးသားထားသည့် ဆောင်းပါးကို ကူးယူဖော်ပြလိုက်ရပါသည်။ ဆရာဘိုဘို၏ ရေးသားချက်များက ကောင်းမွန် တိကျပြီးဖြစ်သည်။ သို့သော်လည်း ဤတွင်မူ အချို့စကားလုံးများ အချို့စာသားများကို အနည်းငယ်ပြုပြင်ကာ ရေးသားလိုက်ပါသည်။ နားလည်ခွင့်လွတ်တော်မူကြပါဟုလည်း ကြိုတင်ခွင့်တောင်းအပ်ပါသည်။ အချို့ကိစ္စကို ဖတ်ရင်းဖြင့် နားလည်ပါလိမ့်မည်။

လူမှုရေးလုပ်ငန်းလုပ်မည်ဆိုလျင် မိမိကစ၍ ငြိမ်းချမ်အောင် တည်ငြိမ်အောင် ဦးစွာဆောက်တည်ရမည်။ ထိုမှသာလျင် အဆင်ပြေနိုင်မည်။ ဘာကြောင့် လူမှုရေး လုပ်ငန်းများ လုပ်ကြသနည်း။ သနားတတ်ကူညီတတ်ရုံ သက်သက်လေးတော့ဖြင့် မဟုတ်ကြပါ။ ဘာသာတရားတိုင်း မေတ္တာတရားကို အခြေခံသည်ချည်းဖြစ်သည်။ ဗုဒ္ဓဘာသာမှ မဟုတ်။ ဒုက္ခရောက်နေသူ အားလုံးကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီရန် ဘာသာတိုင်း ဟောကြသည်ချည်းဖြစ်သည်။ စာနာရိုင်းပင်းမှု၊ ကူညီမှု၊ ထောက်ပံ့မှုစသည်တို့ကို အခြေခံကြသည်ချည်း ဖြစ်သည်။ သို့သော် လူတိုင်း လုပ်နိုင်သည့်ကိစ္စတော့ မဟုတ်ပါ။ လူသားချင်း စာနာရိုင်းပင်း ကူညီတတ်ဖို့လိုပါသည်။ ကူညီပေးတတ်ရုံနှင့်လည်း အဆင်မပြေပါ။ ဉာဏ်အမျှော်အမြင်လေးတော့ဖြင့် လိုသေးသည်။ မဟုတ်လျင် ကိုယ်ကျိုးလိုလားသူ တချို့၏ အသုံးချမှု ခံရနိုင်သည်။

တဖန် လှူသည် ဒါန်းသည်ဆိုရာဝယ် လူတို့သည် ကောင်းစေချင်၍ လှူကြခြင်း ဖြစ်သည်။ “ကိုယ်က လှူသင့်တယ်ထင်လို့ လှူလိုက်တာ၊ သူတို့ချင်း ကွဲသွားကြတာတော့ ဘယ်တတ်နိုင်မလဲ” ဟု တာဝန်ယူမှု ကင်းမဲ့သည့် လှူဒါန်းမှုမျိုးတော့ မဖြစ်စေချင်ပါ။ ငြိမ်းချမ်းရေး မဟုတ်သည့်တိုင် ကိုယ်လှူလိုက်သည့် အလှူကြောင့် ကိုယ်ပေးလိုက်သည့် သင်တန်းကြောင့် ကိုယ့်စီမံကိန်းကြောင့် အစေးမကပ်သည့် ရွာသားများ ရင်းနှီးလာခြင်း၊ ပိုမိုသင့်မြတ်လာခြင်းများဖြစ်လျင် ပိုကောင်းသည်။ Do No Harm ဆိုသည့် စကားသည် အလဟဿ သက်သက် ပေါ်လာသည်တော့မဟုတ်။ အလှူဒါနသည် စေတနာသက်သက် ရှိနေရုံမျှနှင့် မရပါ။ ဉာဏ်ယှဉ်ရပါသည်။ မိမိ၏ စေတနာ ကောင်းကောင်းဖြင့် ပေးဝေခဲ့မှုကြောင့် နုနယ်သည့် ကလေးများ သူတောင်းစားဖြစ်ကုန်သည့် အဖြစ်သည် အလှူရှင့်ပယောဂ မကင်းပါ။ ဤသို့ ပြစ်တင်မည်ဆိုပြန်တော့လည်း လက်က မခံချင်။ ကိုယ့်အလှူကြောင့် မတိုးတက်လာပဲ သူများကို အားထားမှီခိုတတ်သူ ဖြစ်အောင်တော့ မလုပ်သင့်။ ဤကဲ့သို့ လုပ်ပြီး မဏ္ဍပ်တိုင် တက်ပြနေလျင် ပိုဆိုးသည်။ တံဆိပ်ပြားလေး လည်မှာ ဆွဲထားချင်သည့် ကြေးစားများသာ ဖြစ်ချိမ့်မည်။

ပြီးလျှင် အသိ/သတိလေးကပ်ပြီး လုပ်သင့်သည်။ တပါးသူ အဆင်ပြေစေပါစေတော့ဟု စိတ်ထဲ ထားသင့်သည်။ သူတပါးအဆင်ပြေခြင်းသည် မိမိအဆင်ပြေခြင်း ဖြစ်သည်ဟု ခံစားတတ်ခြင်းဖြစ်သည်။ နောက်ဘဝ ရလာမည့် ဘုံဘဝ၊ နတ်ပြည်၊ သူဌေး၊ စာမေးပွဲအောင်ခြင်း စသည့် တောင်းတမှု မပါဝင်ဘဲ လှူခြင်း လုပ်ကိုင်ခြင်း ဖြစ်ရမည်။ လုပ်သင့်သည့် စာနာရိုင်းပင်းမှု တခုကို ပညာဉာဏ်ဖြင့် စူးစိုက်၍ လုပ်လိုက်ခြင်းမျှသာ ဖြစ်သည်ဟု ဖြစ်နေရမည်။

မိမိက မျှော်လင့်ရမည့်အချက်များမှာ
၁။ သတ္တဝါအပေါ်ထားသည့် မေတ္တာသည် ကျယ်ပြန့်နိုင်သမျှ ကျယ်ပြန့်အောင် ဘဝနာစီဖြန်းရန်
၂။ ခန္ဓီပါရမီ ကောင်းသထက်ကောင်းရန်
၃။ သဘောထားကြီးပြီး ရင့်ကျက်လာရန်
၄။ သင်ခန်းစာ ယူတတ်ရန်
၅။ မိမိ၏ အတ္တမာနကို စနစ်တကျ လျှော့ချတတ်ရန် တို့မျှသာ ဖြစ်သည်။ ဤကား ဒါနဲ့နှင့် ပတ်သက်သည့် အကြောင်းအရာများဖြစ်သည်။ လက်ရှိကို ကြည့်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ကို လုပ်ခြင်းကို ဆိုလိုပါသည်။

ဗိဠာရကောသိယဇာတ်တော်မှ အလှူအဒါန်းပေးရန်ခက်ခဲနေသော သူဌေးတဦးအား နတ်များတို့ လာရောက်အလှူခံရင်း ပြောကြသော စကားများကို နှစ်သက်၍ အဆက်အဖြစ် ကူးယူတင်ပြပေးလိုပါသည်။
“လောကမှာ လှူဒါန်းပေးကမ်းလိုစိတ် ခေါင်းပါးသူ နှစ်ယောက်ရှိတယ်။ တယောက်က ကိုယ့်ပစ္စည်းကို နှမြောတွန့်တိုသူ၊ တယောက်က ကာမဂုဏ်မှာ ပျော်ပါးနေသူတို့ပါ။ ပညာရှိဆိုလျှင်တော့ လှူကြပါတယ်” (သိကြားမင်း)
“တချို့က လှူလိုက်လျင် ကုန်သွားတယ်၊ ငါငတ်ရချည့်လို့ တွေးကြတယ်။ အငတ်ဘေးဟာ လှူတဲ့သူဆီ မရောက်စကောင်းပါဘူး၊ မလှူတဲ့သူတွေဆီသာ ရောက်မြဲ ဖြစ်ပါတယ်” (စန္ဒနနတ်သား)
“အချို့သော လူများဟာ ယုတ်မာကြတယ်။ သူတော်ကောင်းတွေ လုပ်ကြတဲ့ အလှူအဒါန်းအလုပ်ကို လိုက်မလုပ်ကြဘူး။” (သူရိယနတ်သား)
“တချို့လူတွေက နည်းနည်းရှိ နည်းနည်းလှူကြတယ်၊ အချို့လူတွေကြတော့ အများကြီး ရှိပေမယ့် မလှူကြပါဘူး၊ သူတို့ဟာ ဝန်တိုတဲ့ ရန်သူစိတ်ကို မအောင်မြင်နိုင်ကြဘေူး” (မာတလိနတ်သား)
“စင်ကြယ်တဲ့ ပစ္စည်းကို ပေးလှူကောင်းပါတယ်။ မစင်ကြယ်တဲ့ ပစ္စည်းကို လှူတာထက် အများကြီး သာပါတယ်” (ပဥ္စသိင်္ခနတ်သား)
ဤစကားတို့က အထောက်အပံ့တော့ အနည်းငယ် ဖြစ်ချိမ့်ကောင်း ဖြစ်ချိမ့်ပါလိမ့်မည်။

တဖန် ဗုဒ္ဓသာသနာတော်၌ ဟောကြားအပ်သော အလှူဒါန ငါးမျိုးရှိသည်။ နံပါတ် (၁) မှာ ကံ ကံ၏အကျိုးကို ယုံကြည်၍ လှူဒါန်းခြင်း ဟူ၍ ဖြစ်သည်။ မိမိအကျိုး သူတပါးအကျိုးရှိလိမ့်မည်ဟု ယုံကြည်၍ လှူဒါန်းခြင်းဟု ဖွင့်ဆိုနိုင်သည်။ မိမိလှူလိုက်သဖြင့် သူတပါးလည်း ကောင်းစားပါလိမ့်မည်ဟု ယုံကြည်ခြင်း ဖြစ်သည်။ နံပါတ် (၂) မှာ အလှူပစ္စည်းကို ပြီးပြီးရော သို့မဟုတ် လွှင့်ပစ်သကဲ့သို့ မလှူခြင်းဖြစ်သည်။ “ငါတော့ လှူလိုက်တာပဲ၊ သူတို့အဝေမတည့်တာတော့ မတတ်နိုင်ပါဘူး” စသဖြင့် မဖြစ်စေရာ။ နံပါတ် (၃) မှာ ပေးသင့်သည့်သူကို ပေးသင့်သည့်အခါ၌ ပေးခြင်းဖြစ်သည်။ ကျေးရွာသို့ ဆင်းသူ သို့မဟုတ် သင်တန်းပေးသူများ လိုအပ်ချက်များ ကောက်ယူပြီးမှ သင်တန်းပေးသင့်ကြသည်။ နံပါတ် (၄) မှာ လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းခြင်းဖြစ်သည်။ မဏ္ဍပ်တိုင် တက်မပြခြင်းစသဖြင့် ပါဝင်မည်။ နံပါတ် (၅) မှာ မိမိအလှူကြောင့် သူတပါးအား မထိခိုက်စေခြင်း ဖြစ်သည်။ ဤအဖွင့်ကိုလည်း အထက်တွင် ဖွင့်ပြီးပြီဖြစ်သည်။ တည်တောဆရာတော် မိန့်ကြားတော်မူသကဲ့သို့ ဗုဒ္ဓသာသနာ နေစောင်းလေပြီလား မသိ။

Admin

print
Facebook Comments