img_0919ကျောင်းတိုက်သစ်ကို မမျှော်လင့်စွာ တည်ထောင်မိသော်လည်း မျှော်လင့်မိသည့် မိမိမျှော်လင့်ချက်လေးတော့ ရှိသည်။ နိုင်ငံနယ်နိမိတ်စည်းမျဉ်းပေါ်တွင် တည်ရှိတတ်သော ကျေးလက်များအကြောင်းတော့ မပြောတတ်။ ယခုလက်ရှိရွာလေးသည် တောင်ကြီးမြို့နယ်၏ အစွန်တွင် ရှိပြီး ရွာအရှေ့ဘက်ခြမ်းရှိ ချောင်းတဖက်သို့ကူးလိုက်လျင် ဟိုပုံးမြို့နယ်ထဲ သို့ရောက်သွားရသည်။ တောင်ကြီးမြို့နယ်က လူကြီးများက ပအိုဝ်းရွာလည်းဖြစ် ဟိုပုံးနယ်စပ်လည်းဖြစ် ဟုသတ်မှတ်ပြီး ဟိုပုံးက ကြည့်လိမ့်မည်ဟု ထင်သည်။ ဟိုပုံးကလည်း တောင်ကြီးမြို့နယ်ထဲပါသဖြင့် တောင်ကြီးမြို့နယ်ဘက်က ကြည့်လိမ့်မည်ဟု ထင်ထားကြပုံရသည်။ အစိုးရ ပညာရေး အခြေအနေဖြင့် တိုင်းတာပြရလျှင် အိမ်ခြေ ၁၀၀ နီးပါးရှိသော ရွာလေးတွင် တက္ကသိုလ်ဝင်တန်းအထိ ရောက်ဖူးသူ တစ်ဦးသာ ရှိသည်။ အချို့က အမြင့်ဆုံးအတန်း ခုနှစ်တန်းသို့ ရောက်ဖူးသည်။ ကျန်သည့်သူများကတော့ တတန်းဆိုသည့်မှစ၍ ရေတွက်၍ ရသည်။ လိုချင်သည့် ရွာ အနေအထားနဲ့ ကိုက်သည်။ ထိုသူတို့၏ သဘောထားကို ပြင်ဖို့တော့ တော်တော်လေး ပြင်ယူရမည်။ img_0968

လုပ်ပေးချင်သည့်အချက်ကလည်း များများစားစားမဟုတ်။ ကြီးကြီးကျယ်ကျယ်လည်း မဟုတ်ပါ။ ရှေးမူမပျက် ခေတ်သစ်လူ့ဘောင် စာအုပ်ထဲကလို ဖွံ့ဖြိုးမှုအပေါ် အလွန်အကဲ မလိုက်ကြရန်။ မိမိတွင်ရှိသည့်အရာနှင့် နေထိုင်လို့ရသည်ဆိုသည့်အချက်ကို သိရှိရန်မျှသာဖြစ်သည်။ လုပ်ပေးရမည့်အချက်မှာ လုပ်ပေးလို့မှ လုပ်ပေးလိုက်မှန်း မသိလိုက်သော အချက်လေးတွေ ဖြစ်စေချင်သည်။

ဤသို့ဖြင့် ပထမအသုတ်အနေဖြင့် သင်တန်းကို ရအောင်ခေါ်ယူခဲ့သည်။ ဖောင်တော်ဆိုက်ရွာမှ (၅)  ယောက်၊ လဲုင်းငေါက်ရွာမှ (၄) ယောက်၊  အောင်မွူးရွာမှ (၅) ယောက်၊  နောင်ချို (၂) ယောက်၊ ကွန်ကျောင်း (၁) ယောက်နှင့်အတူ တောင်ကြီးအနောက်ဘက် ပန့်ပုန်းမှ (၂) ယောက်၊ ပင်လောင်း နာမွန်မှ (၂) ယောက် တက်ရောက်ခဲ့သည်။ ထိုစဉ်က သင်တန်းခေါ်ယူသည့် ရည်ရွယ်ချက်ကို နည်းနည်း အထားအသို မှားခဲ့သည်။ ဓမ္မစကူးလ်ဆရာဖြစ်ဟု။ သူတို့ မလုပ်နိုင်ခဲ့ပါ။ img_0985သင်တန်းကို SEMS မှ မအိမွန်ဝင်း၊ နောင်တောင်းမှ နန်းရီလေး၊ မောက်မယ်မှ နန်းခမ်းလီတို့က ဦးဆောင် သင်တန်းပေးခဲ့သည်။ မိမိကိုယ်ကို သိရှိခြင်း အပိုင်းကို သူတို့ပိုပေးခဲ့ကြသည်။ ဓမ္မစကူးလ်ဆရာဖြစ်ကိုလည်း ရအောင်ပေးခဲ့သည်။ ခက်သွားသည့်အချက်က သူတို့ ဗမာစကားကို ထမင်းစား ရေသောက် လောက်ပဲ တတ်သည့်အနေအထားကြောင့် ဖြစ်ရာ တကယ့်စာအုပ်ထဲမှ တချို့စကားလုံးများကို နားမလည်တော့ရာက နောက်ပိုင်း သူတို့ မသင်ဖြစ်တော့ပေ။ ထိုသင်တန်းကို Action Plan လည်းမဆွဲ၊ monitoring လည်း လိုက်ရန် စိတ်ကူးမရှိခဲ့သဖြင့် အောင်မြင်သည် မအောင်မြင်သည်ကိုတော့ မသိလိုက်ရပေ။ အောင်မြင်သည်ဟု ဆိုနိုင်သည့်အချက်မှာ နန်းချောလေနှင့် နန်းခမ်းလာတို့ ကျောင်းဆက်တက်ခြင်းပင် ဖြစ်သည်။ ရှစ်တန်းအောင် တော်တော်များများ၊ ကိုးတန်းကျ တော်တော်များများ ကျောင်းမတက်သည့်ကြားက သူတို့တွေ ကျောင်းတက်ချင်ကြောင်း လာပြော၍ ကျောင်းရှာခိုင်းသည့်အချက်ပင်။

သင်တန်းကာလက (၁၀) ရက်ကြာသည်။ ၂၀၁၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့က စသည်။ သင်တန်းပြီးဆုံးသွားတော့ ပင်လုံကို လေ့လာရေးခရီး ပို့ဖြစ်သည်။ သင်တန်းသား/သူ အားလုံးကို ကျောင်းအိပ် ကျောင်းစားပြုလုပ်၍ သင်တန်းပေးခဲ့သည်။ ချက်ပြုတ်ရေးကို ကျောင်းရှိ ဦးပဇင်းများက ပြုလုပ်ပေးခဲ့သည်။ တခါတရံ ရွာမှ တကာ တကာမအချို့ကလည်း လာရောက်ကူညီသည်။

print

Facebook Comments