Archive of Parame Monastery

ပါရမီကျောင်းတိုက်သည် တောင်ကြီးမြို့၏ အရှေ့တောင်ယွန်းယွန်းနဲ့ ဟိုပုံးမြို့အနောင်တောင်ယွန်းယွန်းမှ နမ့်ဆီးကျေးရွာအုပ်စုတွင်း ပါဝင်သော ဖောင်တော်ဆိုက် (ဖောင်တော်ဆိပ်) ကျေးရွာ၏ တောင်ဘက်တစ်ဖာလုံခန့်အကွာတွင် တည်ရှိသည်။ တောင်ကြီးနဲ့ ဟိုပုံးကြားဖြစ်သည့်အလျောက် တောင်ကြီးမြို့မှလာလျင်လည်းကောင်း ဟိုပုံးမြို့မှ ယွန်းခဲ့လျင်လည်းကောင်း မြို့နယ်အစဆိုသည့် နယ်နိမိတ်စည်းမျဉ်းဆိုင်းဘုတ်များတည်ရှိရာမှ တောင်ဘက်သို့ ခွဲထွက်သွားသည့် ကမ္ဘောဇဘိလပ်မြေစက်ရုံသို့ ကားလမ်းအတိုင်း ဆက်လက်လာခဲ့လျင် ၅.၈ မိုင်ခန့်အကွာအဝေး ကားလမ်း၏ ဘေးတွင် တည်ရှိသည်။

ကျောင်းတိုက် ဖြစ်တည်ပုံများကို ဤနေရာတွင် အစမှ အဆုံးရေးသားပြီးသည့်အလျောက် ယခုမူ ကျောင်းတိုက်တည်ရှိလာစဉ်ကာလမှ ယခုထိ Archive များကိုသာ ဆက်လက်ဖော်ပြသွားပါမည်။

ဝါဆိုသံဃာများ

စဉ် ခုနှစ် ရဟန်း သာမဏေ ကျောင်းသား စုစုပေါင်း
၁၃၇၆
၁၃၇၇ ၁၃
၁၃၇၈ ၂၈ ၄၃
၁၃၇၉ ၃၁ ၄၄
၁၃၈၀ ၃၅ ၄၆
၁၃၈၁ ၃၈ ၄၈

ဤကဲ့သို့ နှစ်စဉ်အလိုက် ဝါဆိုခဲ့သည်။ ၎င်းတို့နေထိုင်ကြသော မြို့နယ်များမှာ ရှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မောက်မယ်မြို့နယ်၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ ကလောမြို့နယ်၊ တနင်္သာရီတိုင်းမှ တနင်္သာရီမြို့နယ်၊ စစ်ကိုင်းတိုင်းမှ အင်းတော်မြို့နယ်တို့မှ အသီးသီးလာရောက် ဝါဆိုခဲ့ကြပါသည်။

သင်တန်းများ

၁၃၇၇ နှစ်မှစ၍ ကျောင်းတိုက်၏ ဂေါစဂါမ်အတွင်းတည်ရှိနေသော ဖောင်တော်ဆိုက်ရွာ၊ နောင်ချိုရွာ၊ လုဲင်းငေါက်ရွာ၊ အောင်မွူးရွာနှင့် ကွန်ကျောင်းရွာမှ လူငယ်များနှင့် တက်ကြွသော လူပျိုအပျိုအဖွဲ့များအား ခေါ်ယူ၍ မိမိကိုယ်ကို သိရှိခြင်းသင်တန်း၊ ဆပ်ပြာလုပ်နည်းသင်တန်း၊ ငွေစုငွေချေးသင်တန်း၊ နွေရာသီဓမ္မစကူးလ်သင်တန်း၊ ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း၊ ပအိုဝ်းစာပေသင်တန်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသင်တန်း၊ စားသုံးသူဆိုင်ရာသင်တန်း၊ မြေယာနဲ့ ဉပဒေသင်တန်း၊ လူငယ်ခေါင်းဆောင်မှုသင်တန်း၊ ဒီမိုကရေစီဆိုင်ရာအမြင်ဖွင့်သင်တန်း၊ မဲပေးနည်းသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို တောင်ကြီးစသည့် အခြားမြို့များမှ ဆရာများခေါ်ယူ၍လည်းကောင်း၊ ကျောင်းတိုက်အတွင်းရှိ သင်တန်းဆရာများနှင့်လည်းကောင်း နှစ်စဉ်အဆက်မပြတ် သင်ကြားပေးလျက်ရှိသည်။

ပရိယတ္တိ

၁၃၇၈ ခုနှစ်နှင့် ၁၃၇၉ ခုနှစ်တွင် ပအိုဝ်းဘာသာဖြင့် ကျင်းပသော တောင်ကြီး၊ ရပ်စောက်နှင့် ညောင်ရွှေသုံးမြို့နယ်ဆိုင်ရာ ပရိယတ္တိစာမေးပွဲကို လက်ရှိသံဃာများဖြင့် ပါဝင်ဖြေဆိုခဲ့ရာ သံဃာကုန်အောင်မြင်ခဲ့သည်။ ၁၃၈၀ ခုနှစ်တွင် ဟိုပုံးမြို့တွင်း ကျင်းပသော ပရိပါဒကစာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ခဲ့သည်။ ၁၃၈၁ ခုနှစ်တွင် ညောင်ရွှေမြို့၌ ကျင်းပပြုလုပ်အပ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ စာမေးပွဲကို မူလတန်း၌ ၁၃ ပါးဝင်ရောက်ဖြေဆိုရာ ၁၃ ပါးစလုံး အောင်မြင်ခဲ့သည်။ ကျောင်းတိုက်၌ ညစဉ်ညတိုင်း ပရိယတ္တိအခြေခံများဖြစ်သည့် ပရိတ်ကြီး (၁၁) သုတ်၊ ရှင်ကျင့်ဝတ်၊ အခြေပြုသဒ္ဒါ သန္ဓိနှင့် နာမ်ပထမပိုင်း၊ သိင်္ဂါလောဝါဒသုတ်၊ လယ်တီဆရာတော်၏ ခုနှစ်နေ့ ဘုရားရှိခိုးတို့ကို စာသင်နှစ်တစ်လျောက်လုံး သင်ကြားပေးလျက်ရှိသည်။

စာသင်ကျောင်း

၁၃၇၈ ခုနှစ်၌ ပဉ္စမတန်းကျောင်းသား ၂၅ ဦးကို ကျောင်းတိုက်အတွင်း စတင်သင်ကြားသည်။ ထို့နောက် ထိုနှစ်မှ ၁၃၈၀ ခုနှစ်အထိ ထိုကျောင်းသားထဲမှ ကျန်ရှိသည့် ကျောင်းသား စုစုပေါင်း ၁၅ ဦးကို ကျောင်းတိုက်အတွင်း၌သာ သတ္တမတန်းရောက်သည်အထိ သင်ကြားခဲ့ပြီး ယခုနှစ်၌မူ ဖောင်တော်ဆိပ် အ.လ.က (ခွဲ) ကျောင်းကို အပ်နှံ၍ ဆက်လက်သင်ကြားစေခဲ့သည်။ ၁၃၇၉ ခုနှစ်မှ ပြင်ပမှ လာသော ကျောင်းသားများကို ဖောင်တော်ဆိပ် အ.လ.က (ခွဲ) စာသင်ကျောင်း၌သာ ဆက်လက်သင်ကြားစေခဲ့ရာ ၁၃၇၉ ခုနှစ်၌ သူငယ်တန်းမှ ရှစ်တန်းအထိ ၁၂ ပါး၊ ၁၃၈၀ ခုနှစ်၌ ၁၄ ပါးနှင့် ယခု ၁၃၈၁ ခုနှစ်တွင် ရှစ်တန်းကျောင်းသား အပါအဝင် စုစုပေါင်း ၃၁ ကို ဖောင်တော်ဆိပ် အ.လ.က (ခွဲ) ကျောင်း၌သာ ဆက်လက်သင်ကြားစေခဲ့သည်။

ပရဟိတသို့ ပို့ဆောင်ခြင်း

ပါရမီကျောင်းတိုက်အနီးတွင် တည်ရှိသည့် ဖောင်တော်ဆိပ် အ.လ.က (ခွဲ) သည် အဆုံးစွန် ရှစ်တန်းအထိသာ တက်ရောက်ခွင့်ရသဖြင့် ရှစ်တန်းအောင်မြင်သော ကျောင်းသား ကျောင်းသူများကို အနီးအနားရှိ ပရဟိတကျောင်းများသို့သာ ပို့ဆောင်ရခဲ့သည်။ ပို့ဆောင်ခဲ့သော ပရဟိတကျောင်းများမှာ လွယ်နွဲဘုရားတောင်ရေဆိပ်ပရဟိတကျောင်း၊ လွယ်ဗောင်းပရဟိတကျောင်း၊ တင်းထက်ပရဟိတကျောင်း၊ ပဆျာကြိုးပရဟိတကျောင်း၊ သပြေကုန်းပရဟိတကျောင်းနှင့် ရွှေဘုန်းပွင့်ပညာဒါနကျောင်းများသို့ ဖြစ်သည်။ နှစ်အလိုက်အားဖြင့် ၁၃၇၈ ခုနှစ်၌ စုစုပေါင်း ၅ ဦးပို့ဆောင်ခဲ့သည်။ ၁၃၇၉ ခုနှစ်၌ ၉ ဦးပို့ဆောင်ခဲ့သည်။ ၁၃၈၀ ခုနှစ်၌ ၁၄ ဦးပို့ဆောင်ခဲ့သည်။ ယခု ၁၃၈၁ ခုနှစ်၌ စုစုပေါင်း ၁၉ ဦးပို့ဆောင်ထားပါသည်။ အောင်မြင်မှုအားဖြင့် ဒသမတန်းအောင်မြင်သူ ၅ ဦးရှိလာပြီ ဖြစ်သည်။

အခြားသော လုပ်ဆောင်ချက်များ

ကျောင်းတိုက် စတင်တည်ထောင်စဉ်ကတည်းက စေတီများကို အမီပြု၍ တည်ထောင်ခဲ့သည်။ ထိုစေတီ၏ မူလသက္ကရာဇ်မှာ ဆင်းထုတော်တစ်ခုထဲမှ ပါရှိသည့် သက္ကရာဇ်အရ ၅၀၈ ခုနှစ်ဖြစ်သည်။ ထိုစဉ်ကတည်းက တည်ခဲ့သော စေတီများသည် ရာသီဉတုဒဏ်ကို အဖန်ဖန်အထပ်ထပ် ကြံ့ကြံ့ခံရင်း သဒ္ဓါရှိသူများမှ စေတီဟန်မပျက်စေရန် ပြန်လည်ထိန်းသိမ်းထားမှုများကြောင့် စေတီအားလုံးလည်း ပြုပြင်ရန် လိုအပ်နေလျက်ရှိသည်။ စေတီစုစုပေါင်း ၁၇ ဆူရှိရာ ယခုအခါ ၅ ဆူကို ပြုပြင်ထိန်းသိမ်းပြီး ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ထီးတော်တင်ပွဲကို ပြုလုပ်ခဲ့သည်။

ကျောင်းတိုက် စတင်တည်ဆောက်စဉ်ကတည်းက ဆရာတော်များ လမ်းညွှန်မှုဖြင့် အသံမစဲ မဟာ ပဋ္ဌာန်းရွတ်ဘာသ်ပူဇော်ပွဲကို ကျင်းပလာခဲ့သည်မှာလည်း ငါးကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ အဆောင်အားဖြင့် ပေ ၃၀ ပေ ၆၀ သာမဏေအိပ်ဆောင်တစ်ခုနှင့် ၁၆ ပေ ၂၇ ပေ ဆွမ်းစားကျောင်းတစ်ဆောင် ထပ်မံဆောက်လုပ်နိုင်ခဲ့ပါသည်။

နွေရာသီ သင်တန်းတစ်ခု ပြီးဆုံး၍သော်လည်း တက်ကြွသည့် သင်တန်းသားများ များစွာပါဝင်သည့် အကြိမ်များ၌လည်းကောင်း သင်တန်းသားများကို လေ့လာရေးခရီး အမြဲပို့ဆောင်ပေးခဲ့သည်။ မြို့ပြများအဖြစ် လွိုင်ကော်၊ ပင်လုံ၊ ပင်းတယနှင့် ပင်လောင်းတို့ဖြစ်ပြီး ၎င်းမြို့များအနီးတွင်ရှိသည့် လိုဏ်ဂူများ၊ ရေတံခွန်များ အများပြည်သူ လည်ပတ်လေ့ရှိသည့်နေရားများအားလုံးသို့ တစ်နှစ်လျင် နှစ်ကြိမ် သုံးကြိမ်ပို့ဆောင်ပေးလျက် ရှိသည်။

ကျောင်းတိုက်တည်ထောင်ပြီး ဒုတိယနှစ်တွင် တောင်ကြီးမြို့မှ ကမ္ဘာမြေချစ်သူများ စသည့်အဖွဲ့မှ သစ်ပင်ပေါင်း ၁၀၀၊ တတိယနှစ်တွင် တို့ချစ်တဲ့ကမ္ဘာဦးဆောင်၍ သစ်ပင်စိုက်သည့် အဖွဲ့ပေါင်း ခုနှစ်ဖွဲ့မှ သစ်ပင်ပေါင်း ၂၀၀၊ ယခုနှစ်တွင် တောင်ကြီးလူငယ်စင်တာမှ သစ်ပင် ၅၀ နှင့် ကျောင်းတိုက်တွင်း ရဟန်းသာမဏေများမှ သစ်ပင်ပေါင်း ၂၀၀ နီးပါးကို စိုက်ပျိုးခဲ့ကြသည်။ ကြားကာလများ၌ သင့်လျော်လျှင် သင့်လျော်သလို စိုက်ပျိုးခဲ့သည်များလည်း ရှိသည်။ လက်ရှိအချိန်ထိ ရှင်သန်နေသော သစ်ပင်ပေါင်း ၅၀၀ ခန့်ရှိသည်။

print

Facebook Comments