ဤအကြောင်းအရာကို မပြောခင် “ဒီလောရဲ့ ဂရစ်” ဆိုသည်၏ ပညာရေး ဖွင့်ဆိုချက်ကို ဦးစွာ တင်ပြလိုသည်။ ပညာရေးဆိုသည်မှာ …

  1. သိရန်သင်ကြားခြင်း (အရေးအဖတ် အတွက်နှင့် ပြောတတ် ဆိုတတ် စသည့် အခြေခံသင်ယူစရာ ကိရိယာများ)
  2. ပြုလုပ်တတ်ရန်သင်ကြားခြင်း (အလုပ်တခုရရန်၊ ဘဝတခုရပ်တည်နိုင်ရန် လိုအပ်သော အရည်အချင်းများကို သင်ခြင်း)
  3. နေထိုင်တတ်ရန်သင်ကြားခြင်း (လူ့မှုအသိုင်းအဝိုင်းအတွင်း နေထိုင်တတ်ရန်၊ ဆက်ဆံတတ်ရန်၊ ပြဿနာများ ဖြေရှင်းတတ်ရန်၊ အခြားသူများအား သည်းခံနားလည်တတ်ရန် သင်ကြားခြင်း)
  4. တစုံတယောက်ဖြစ်ရန် သင်ကြားခြင်း (အနုပညာ အရည်အသွေး၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာအောင် ကိုယ်ပိုင်အတွေးအခေါ် တိုးတက်လာအောင် သင်ကြားခြင်း)
  5. ပြောင်းလဲနိုင်အောင် သင်ကြားခြင်း (ပတ်ဝန်းကျင်ထိန်းသိမ်းတတ်ခြင်း၊ ရိုသေလေးစားတတ်ခြင်း၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာများကို နားလည်အောင် သင်ကြားခြင်း) ဟူ၍ ဖြစ်သည်။ လက်ရှိ ပညာရေးသည် ထိုအချက်များကို ဖြစ်မြောက်အောင် မလုပ်ဆောင်ပေးနိုင်ပါ။

ပညာသင်ခြင်းသည် လူတလုံး သူတလုံးဖြစ်အောင် လုပ်ခြင်းဖြစ္သည်။ ခက်တော့လည်း ခက်လှပါသည်။ လက်ရှိ ပညာရေးကို အချို့က “အလွန်ကြေကွဲဖွယ် ကောင်းသော အလွမ်းဇာတ်ကြီး” ဟုပင် တင်စားကြသည်။ ကလေးများ ကျောင်းတက်နေခြင်းသည် အမှတ်များများ ရဖို့သာ ဖြစ်သည်။ အလွတ်ကျက်ထားသည်ကို ဖြေသည်။ ဆရာက ထိုအဖြေလွှာကို စစ်သည်။ လက်ရှိတွင် ဤမျှကို ပညာရေးဟု ခေါ်သည်။ ပညာသင်ကြားရခြင်းသည် ခွဲခြမ်းစိတ်ဖြာတတ်ရန် အတွက် ရည်စူးသော်လည်း ယခုမူ အခြေအနေက တော်တော်ဆိုးနေသည်။

လူတိုင်းအတွက် တန်ဖိုးရှိသော အောင်မြင်တိုးတက်သည့် အဖွဲ့အစည်းအား ဖြစ်တည်စေနိုင်သော ခွဲခြမ်းစိတ်ဖြာတတ်သည့် အရည်အချင်းနှင့် အခြား မဆက်စပ်သော အရည်အချင်းများ ရှိသေးသည်။ အနုပညာအရည်အချင်း၊ စိတ်ကူးကွန့်မြူသည့် အရည်အချင်း၊ ကိုယ်နဲ့ထိတွေ့ဆက်စပ်သည့် အရည်အချင်း၊ တီထွင်နိုင်သော အရည်အချင်း၊ စိတ်ခံစားမှုဆိုင်ရာ အရည်အချင်းတို့ဖြစ်သည်။ ဤအရည်အချင်းများကို အထုံ ဝသီ စရိုက်ဟု ခေါ်သည်။ ဤအရာတို့သည် အမြဲရှိနေသည်။ တိုင်းတာ စစ်ဆေး၍ မရနိုင်။ သို့သော် လက်ရှိ ပညာရေးသည် တရောင်တည်းဖြစ်နေသည့် ပြားချပ်ချပ်ကြီးကို ထိုင်ကြည့်နေရသည်နှင့်တူသည်။

သို့သော် စာမေးပွဲအောင်သောသူ ဆယ်တန်းတွင် အမှတ်များများ ရသောသူတို့က နေရာတခု ရသည်။ ငြင်းလို့မရ။ ခက်နေသည့် အချက်က ထိုကဲ့သို့သော သူများ မြန်မာနိုင်ငံတွင် ၂၀ ရာခိုင်နှုန်းမျှသာ ရှိနေခြင်းဖြစ်သည်။ ဆယ်တန်း၏ အဆုံးအဖြတ်ကြောင့် အချို့သော လူတော် လူတတ်တို့၏ ပါရမီများ ငုံးတိဖြစ်သွားရသည်။ ဆယ်တန်းကျသော ၈၀ ရာခိုင်နှုန်းသည် တသက်တာ အနာကြီးနဲ့ တသက်တာ အားငယ်မှုတွေနဲ့ ကြုံရပါတော့သည်။

မည်ကဲ့သို့ လုပ်မည်နည်း။ တခန်းလုံး မသင်ဘဲ တယောက်ချင်းစီ သင်ဖို့လိုသည်။ အသက်ပေါ် မစဉ်းစားဘဲ လိုလျင် လိုသလို သင်ဖို့လိုသည်။ ဘက်စုံထူးချွန်အောင် သင်ပေးဖို့လိုသည်။ ဆရာက အားလုံးသိ အားလုံးတတ် မလုပ်ဖို့လိုသည်။

 

စာရေးဆရာကိုတာ၏ ပညာရေးပြုပြင်ပြောင်းလဲမှုကြီး၌ ဆရာများ၏ အခန်းကဏ္ဍကို ကူးယူ ပြင်ဆင်တင်ပြသည်။
Admin
print
Facebook Comments